October 27, 2020

"ကျွန်တော်တို့ တက္ကသိုလ် ......"

"ကျွန်တော်တို့ တက္ကသိုလ် ......"

ကာကွယ်ရေး စစ်တက္ကသိုလ် ၁၉၅၄ ခုနှစ် သြဂုတ်လ(၁) ရက်နေ့တွင်စတင်တည်တည်ထောင်သည်။

--------------------------------


မိခင်ကို ကျောခိုင်း၊ သူငယ်ချင်းကို ပုခုံးဖက်ရင်း....

နောက်လှည့်မကြည်တဲ့ တက်ကြွခြေလှမ်းတွေနဲ့ လှမ်းခဲ့ဖူးတယ် ...

အမေကတော့ မျက်ရည်တွေနဲ့ပေ့ါ ......

ဗိုလ်လောင်းဖြစ်ခါစ၊

ပထမဦးဆုံးသော နိုင်ငံတော် အလံကို အလေးပြုခြင်းဟာ ...

လူပျိုတစ်ယောက်ရဲ့ ပထမဦးဆုံးသော ရင်ခုန်သံဖြစ်ခဲ့ဖူးတယ် .... ။

မနက်အစောထ ကြံ့ခိုင်ရေးပြေးတက်တဲ့ အချိန် ...

နှင်းတွေကြားက ချွေးစက်တွေက အမိမြေအတွက်ရယ်လို့ မှတ်ထင်ဖူးတယ် .... ။

သဲကျောပိုးအိတ် ပုခုံးထက်နဲ့၊

သေနတ်ကိုထမ်း သောကြာနေ့တိုင်း ၅ မိုင်အပြေးတက်ခဲ့ဖူးတယ် ..... ။

မနက်ကြံ့ခိုင်ရေးအပြန် မနက်စာထက် အိပ်ယာခင်ကျင်းမှုကို ဦးစားပေးရင်း

ဝတ်စားဆင်ယင်မှုစစ်ဆေးခံဖို့ အချိန်ကိုလုခဲ့ရဖူးတယ် .... ။

နားထဲမှာ အမြဲကြားနေတာက

" 5 mins Cadet " ......


အပြေးအလွှား ကော်တောင့်တွေနဲ့ ခါးပတ်ပြောင်လို့၊

ဖိနပ်ဘိုးတွေ အရောင်လပ်ရင်း ......

နိုင်ငံတော်အလေးပြု ၊ သစ္စာလေးချက်နဲ့ စီနိယာတွေရဲ့ ကျဆုံးမှုကို

နေ့စဉ်နေ့တိုင်း အောက်မေ့သတိရ ဂုဏ်ပြုခဲ့ကြဖူးတယ် .... ။

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူ ၃ ဦး၊ ရပ်နေသော လူများ နှင့် အပြင်ဘက်

မိုးတွေရွာလို့ PT ဖြုတ်သော်လည်းပဲ ကျွန်တော်တို့ အိပ်ဆောင်အောက်ကနေ ...

သစ္စာလေးချက်ကို မပျက်မကွပ်ရွတ်ဆိုခဲ့ဖူးတယ် ..... ။

PT ဖြုတ်တော့ ရေချိုးအဝတ်လဲ၊

သစ္စာမဆိုခင် စားရိပ်သာကို လက်ကပ် အပြေးတက်ခဲ့ဖူးတယ် .....။

စားရိပ်သာက ကျွေးတဲ့ ပဲနှပ်နဲ့ ချာပါတီက ...

ဘ၀ အတွက် အကောင်းဆုံး နံနက်စာလို့ ထင်မှတ်ခဲ့ဖူးတယ် .....။

နေ့လည် ထမင်းစားပြန် ....

အမိုးအောက်က လွတ်တာနဲ့ အပြေးတက်ရမယ်ဆိုတဲ့ စည်းကမ်းအတိုင်း ....

စားရိပ်သာ အမိုးအောက်ကို အားပ့ါးတရပြေးခဲ့ဖူးတယ် .....။

ခါးပတ်ချွတ်၊ ဦးထုပ်ချွတ်ရင်း ....

စီနီယာအကိုတွေရဲ့ ထွေးပန်ကန်တွေကို ပြင်ဆင်ပေးခဲ့ဖူးတယ် .....။

သတိကို မတ်အောင်ဆွဲ ......

ထမင်းစား သစ္စာကို ကျယ်လောင်စွာ ဆိုရင်း .....

ထမင်းတစ်လုပ်တန်ဖိုးကို နက်နက်ရှိုင်းရှိုင်းသိခဲ့ဖူးတယ် ......။

ထမင်း ၃ ထွေး၊ ပဲဟင်း ၂ ခွက် .....

၅ မီနစ်နဲ့ ပလုံးပထွေး စားခဲ့ဖူးတယ် .......။

ဒါကို နှိပ်စက်တာလားလို့ ...

ကလေး အတွေးတွေးခဲ့ရင်းနဲ့၊

ထမင်းစားပြီး စားရိပ်သာရှေ့တန်းစီတန်းအပ်၊

ဖားခုန်လေးနဲ့ နေ့လည်ပိုင်းသင်ခန်းစာကို ပြန်ဝင်ခဲ့ရဖူးတယ် ......။

ငယ်ငယ်ကအမေပြောခဲ့ဘူးတယ်.......

ထမင်းစားပြီး မပြေးရဘူး၊ ဗိုက်အောင့်တက်တယ်တဲ့ .....။

ဒီစကားက ငါတို့တွေ အတွက် မှားယွင်းတဲ့ အမှား တစ်ခုလို့ .....

ပြန်တွေးပြီး ရယ်မော ခဲ့ဖူးတယ် ......။

ညနေတိုင်တောင် သစ္စာလေးချက် ရွတ်ဆိုမပြတ်၊

စားရိပ်သာထဲ ထမင်းစား သစ္စာက ......

ငါတို့ ဘဝရဲ့ အထွဋ်မြတ်ထားရာ စကားတစ်ခုဖြစ်ခဲ့ဖူးတယ် .....။

ထမင်းမစားခင်၊ စီနီယာစီက ထမင်းစားခွင့်တောင်းခံခြင်းဟာ

ညီအစ်ကိုတွေ လေးစားစရာ ဓလေ့ဖြစ်ခဲ့ဖူးတယ် .......။

တစ်ချိန်က စားရိပ်သာဆိုတာ ....

ငါတို့ ဘဝတွေရဲ့ စိတ်ဓါတ်တွေကို ခိုင်မာလာအောင်

အုတ်မြစ်ချပေးရာ မဏ္ဍိုင်တစ်ခု .........။

ဒါဟာ .....

ကျွန်တော်တို့ စစ်တက္ကသိုလ်ကျောင်းရဲ့ ထုံးတမ်းစဉ်လာပါ .....။

အသေးအမွှား ကိစ္စလေးမှသည် အသက်ထိတိုင်ပင် အရာအားလုံး အရေးပါသည်ကို သင်ကြားပေးရာ ကျောင်းတော်ကြီးတစ်ခုဆိုလည်း မမှားဘူးပေ့ါ ..... ။

ကန်ရေပြင်မရှိဘူး၊ ခုံတန်းပြာလည်းမသိဘူး၊

ရောင်စုံတွေခြယ်သနေတဲ့ ပန်းခင်းကော်ဇော်ကြီးလည်း မရှိဘူး၊

ဂျက်ဆင်ထိပ်က လရိပ်ပြာဆိုတာ ကျွန်တော်တို့အတွက် ဟိုးးရှေးရှေးတုန်းက

ပုံပြင်အလား မှတ်ယူခဲ့ကြဖူးတယ် ..... ။

ရှုမငြီး လှပတဲ့ ပျိုမဒီတွေ ..... ၊

သင်းပျံလှတဲ့ ရေမွေးနံ့တွေ .... ။

ကျောင်းကြိုးကျောင်းပို့မဲ့ ဖယ်ရီကားကြီးတွေ....၊

သင်ခန်းစာပြီးလို့ နားနေစရာ ကန်တင်းကြီးတွေ .... ။

ဘာဆို ဘာမှ မရှိတဲ့ ...

" ဟုတ် / မဟုတ် " ဆိုတဲ့ ကမ္ဘာဂြိုလ်ငယ်တစ်ခု .... ။

စစ်သီချင်းသံတွေ လွှင့်ပံျရင်းနဲ့ ဘယ်ညာညီလွဲှလက်တွေက

အားမာန်အပြည့်နဲ့ ကျောင်းစာသင်းခန်းမကြီးကို

ချီတက်ခဲ့ဖူးတယ် ..... ။

ဘောက်စင်ကာလ၊ ဂျွမ်းဘားအလှ၊ ရေးကူးပြိုင်ပွဲ

နယ်ကျော်ပြေးပွဲ၊ မောပမ်းပစ်ခတ်၊ ချေမှုန်းရေး

ပြိုင်ပွဲပေါင်းစုံကို ဆင်နွဲှရင်းနဲ့


အောင်စစ်သည် ဒေါင်းတံဆိပ်အတွက် ရူးသွပ်ဖူးတယ် ..... ။

နိုင်ငံတော်အလံဘေး၊ တပ်ရင်းအလံ ....

တပ်ရင်းအလံရဲ့ အလှတန်ဆာ ဒေါင်းအလံ ...

အောင်စစ်သည်ဆိုတဲ့ ဂုဏ်ပုဒ်ကြီးက

ဒို့ဗိုလ်လောင်းတွေရဲ့ နှလုံးသွေးကြောအဖြစ် မှတ်ယူခဲ့ဖူးတယ် ..... ။

ရိုးရာ သင်္ကြန် စဉ်လာမပျက်၊ ကော်ရတာ ထွက်ပြီး

သီချင်းတွေနဲ့ ကခုန်ရင်း၊ စီနီယာတွေကို ရေကန်ထဲပြစ်ချခဲ့ဖူးတယ် ..... ။

ကောင်းကင်ထက် ကြယ်တစ်ပွင့်လောက်

ကိုယ့်ကိုယ်ကို မမှတ်ယူဖူးပေမဲ့၊

နိုင်ငံစည်းခြား မြို့ရိုးအလား၊

အုတ်တစ်ချပ်နဲ့ သဲတစ်ပွင့်အဖြစ်တော့ ခံယူခဲ့ဖူးကြတယ် ..... ။

စစ်မြေပြင်မဟုတ် .......

ကျောင်းတော်ကြီးရဲ့ လေ့ကျင့်ပေးမှုအောက်မှာ

စစ်မြေပြင်မှာဆို မင်းကြောင့် တပ်ခွဲ/တပ်စု ကျဆုံးသွားနိုင်တယ်ဆိုတဲ့ စကားသံနဲ့ ....

ကိုယ့်ကြောင့် အပတ်စဉ်တူတွေ 1 for all ဖြစ်ခဲ့မှာကို

သေမလောက်ကြောက်ခဲ့ဖူးကြတယ် ..... ။

ဆောင်းတွင်းရဲ့ နှင်းစက်တွေလား ....

ချမ်းအေးမှုကို အံတုရင်းနဲ့ ....

ဟောခန်းကြီးထဲက မှန်ချပ်တွေမှာ ချွေးငွေ့ပျံ.....

မှန်ချပ်တွေပေါ်မှာ အပတ်စဉ် နံပါတ် ကဗျည်းရေးထိုးရင်း

တိုက်ပုံ ကျယ်သီး တစ်လုံးချွတ်ရမဲ့ role တစ်ခုကို တက်မက်ဖူးတယ် ..... ။

မိုင် ၁၀၀ ခရီး ၅ ရက်နဲ့ အပြီး ခြေလျှင်အပြင်းနှင်ခဲ့ဖူးတယ် ....။

အကိုကြီးတွေရဲ့ ကျောပိုးအိတ်ကို သယ်ယူရင်း၊

ညီငယ်တွေရဲ့ ကိုယ့်ကျောပိုးအိတ်ကို လေးစားဂုဏ်ယူတဲ့အကြည့်တွေနဲ့ သယ်ယူတာလည်းခံဖူးတယ် ....။

စုတ်ပြတ်သတ်သွားတဲ့ ခြေထောက်တွေ၊ မိုးရေကြားက ခရီးဆက်ရင်း

သဲဝဲစားတဲ့ ခြေထောက်တွေ ....

"လေ့ကျင့်ရေးသည်၊ စစ်ဆင်ရေး၊

စစ်ဆင်ရေးသည်၊ လေ့ကျင့်ရေး၊

ချွေးထွက်များမှ သွေးထွက်နည်းမယ်၊

ယနေ့လေ့ကျင့်မှုသည်၊ တစ်နေ့နိုင်ငံနဲ့လူမျိုးအတွက်"ဆိုတဲ့ စိတ်ခံယူချက်တွေ

နှလုံးသားထဲ အမြစ်တွယ်ခဲ့ဖူးတယ် ....။

တစ်ယောက်ချင်းတက်လာရင် တစ်တောင့်ချင်းပစ်၊

ပစ်ချက်တိုင်းက ရန်သူ့အသက်ကိုခြွေမဲ့ လက်နက် .... ။

" ငါ မသေငါ့ စခန်းမကျစေရ "ဆိုတဲ့ စကားတစ်ခုက

ကျွန်တော်တို့ရဲ့ ဘ၀ ...

စီနီယာ တစ်ဦးရဲ့ သွေးစက်တွေနဲ့ ရေးခြစ်ခဲ့တဲ့ ....

" DSA Never Surrender "

ကျွန်တော်တို့ ဂျူနီယာတွေရဲ့ နှလုံးသားပေါ်က မှတ်ကျောက်တစ်ခုအဖြစ်

တစ်သက်တာ သတ်မှတ်ဖူးတယ် .... ။

မိဘတွေရဲ့ ဂုဏ်ယူအပြုံး၊ ပီတိမျက်ရည်တွေက ကျွန်တော်တို့ရဲ့ ကျောင်းဆင်းဘဝ

ကျောင်းဆင်းနေ့ရက်မှာ ၃/၄ နှစ် ညီအစ်ကိုရင်းထက် ချစ်ခင်ခဲ့တဲ့ သူငယ်ချင်းတွေ

နှုတ်ဆက်ဖို့ အချိန်မရခဲ့ဘူး ...... ။

ကျောင်းဆင်းကာလတွေ နှစ်တွေကြာတော့ ....

သတင်းသဲ့သဲ့ကြားခဲ့ရတယ် ...

ကျွန်တော်ဘေးက သူငယ်ချင်း တိုင်းပြည်တာဝန်ကျေပြွန်ခဲ့ပြီတဲ့ ..... ။

သူငယ်ချင်းတွေ တွေ့ဆုံပွဲမှ မလှပဘူးလို့ ထင်ခဲ့ရဘူးတယ်....

တစ်ချို့က ခြေတစ်ဖက်၊ တချို့က ခြေစုံ၊ တချို့ကြပြန်တော့လည်း လက်...

တစ်ယောက်ဆိုရင် လောကကြီးရဲ့ အကျည်းတန်မှုကို မျက်ကွယ်ပြုလိုက်ပြီ ....

အားလုံးသော သူငယ်ချင်းတို့ အမိကျောင်းတော်ကြီးရဲ့ ဂုဏ်ကိုဆောင်ခဲ့ကြတယ် .....

မလှပဘူးလို့ ထင်ခဲ့ပေမဲ့၊ သိပ်အဖိုးတန်တဲ့ ပေးဆပ်မှု ..... ။

တစ်ချိန်က နှင်းမှုန်ဖွေးဖွေး ချွေးစက်နဲ့ရေးခဲ့တဲ့ သမိုင်းတွေက

ကျွန်တော်တို့ရဲ့ ဗိုလ်လောင်းဘ၀ .....

ခုခါများတော့ သွေးစက်တွေနဲ့ ချယ်မှုန်းတဲ့ ပန်းချီကား တစ်ချပ်ပေ့ါ ..... ။

ME™

ကျွန်တော် ချစ်တဲ့ တက္ကသိုလ်ကြီးကို ဘယ်သူတွေကပဲ ပြစ်တင်နေပါစေ ....

သေထိတိုင်အောင် ချစ်နေဦးမှာ ....

December 5, 2015

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၅၇) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်း

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၅၇) သင်တန်းဆင်းဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားရာတွင် တပ်မတော်(ကြည်း၊ရေ၊လေ)အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် အရာရှိကောင်းများ မွေးထုတ်ပေးရန်ဆိုသည့် စစ်တက္ကသိုလ်၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့်အညီ တပ်မတော်၏ ခေါင်းဆောင် ငယ်များအဖြစ် မွေးထုတ်ပေးခဲ့ခြင်းဖြစ်၍ ထက်မြက်သည့် လက်ရုံးရည်၊ မှန်ကန်သည့် နှလုံးရည်များနှင့် ယုံကြည်ကိုးစားရသော ခေါင်းဆောင်များဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ စဉ်ဆက်မပြတ် လေ့လာမှု သည် ဘဝတစ်လျှောက် အောင်မြင်တိုးတက်မှုကို အထောက်အကူပြုနေမည်ဖြစ်ကြောင်း၊ လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆိုသည့်အတိုင်း လေ့လာမှတ်သားမှုများ စဉ်ဆက်မပြတ်ပြုလုပ်ပြီး ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်မှု များ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရရှိထားသည့် လေ့လာမှု၊ လေ့ကျင့်မှုတို့အပေါ် လုပ်ငန်းခွင်၌ လိုက်နာ ဆောင်ရွက်ခြင်းသည် အောင်မြင်မှုကို ရရှိစေမည်ဖြစ်ကြောင်း။
တပ်မတော် တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ကြရမည်ဖြစ်၍ မှန်ကန်သည့် ခေါင်းဆောင်မှုပေးနိုင်ရန် တည်ကြည်ရိုးသားမှုနှင့် တောင်တည့်ဖြောင့်မတ်မှန်ကန်သည့် ကိုယ်ကျင့်တရား မြင့်မားရန်လိုကြောင်း၊ မိမိကိုယ်ကို ကိုယ်ကျင့်တရားကောင်းသည့် ခေါင်းဆောင်များအဖြစ် အစဉ်ဂရုစိုက်ထိန်းသိမ်းရန် အလေးအနက်မှာကြားလိုကြောင်း၊ မျှတသည့်စိတ်ထား၊ မှန်ကန်သည့်သဘောထား၊ ရဲရင့်ပြတ်သားသည့် ဆုံးဖြတ်ချက်၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ယုံကြည်မှု၊ သစ္စာရှိမှု၊ အဆင့်နှင့်လျော်ညီသည့် လုပ်ငန်းကျွမ်းကျင်မှုများဖြင့် လက်အောက်ငယ်သားများအပေါ် ရဲဘော်ရဲဘက်စိတ်ထား၍ ပြုမူဆက်ဆံ သွားရမည်ဖြစ်ကြောင်း၊ စည်းကမ်းဆိုသည်မှာ လူ့ကျင့်ဝတ်တစ်ခုဖြစ်သကဲ့သို့ တပ်မတော်၏ ကျောရိုးဖြစ်၍ အထူး လိုက်နာစောင့်ထိန်း ကြရမည်ဖြစ်ကြောင်း၊ စစ်စည်းကမ်း၏ အခြေခံဖြစ်သည့် စစ်သည်တော်ကျင့်ဝတ် (၆၀)ပါးကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ လိုက်နာသွားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်စွမ်းရည်ရှိမှုသည် စစ်စည်းကမ်း ကောင်းမွန်မှု၊ ဥပဒေလေးစားလိုက်နာမှုပေါ်တွင် များစွာတည်ကြောင်း၊ ပြည်သူကရွေးချယ်သည့် နိုင်ငံရေးစနစ်သည်လည်း စည်းကမ်းကောင်းမွန်မှု၊ ဥပဒေလေးစားမှုအပေါ်တွင် တန်ဖိုးထားသည့်အတွက် ခေါင်းဆောင်များအနေဖြင့် ဥပဒေလေးစားလိုက်နာမှုကို စံနမူနာပြလုပ်ဆောင်ပြရန်လိုကြောင်း။
မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိပြီး လက်အောက်ကိုလည်း တရားမျှတစွာ ကွပ်ကဲအုပ်ချုပ်ရန်လိုကြောင်း၊ အတွေ့အကြုံ နုနယ်သေးသည့်ကာလများတွင် အလုပ်လုပ်ကိုင်သည့်အခါ စိတ်လိုက်မာန်ပါ မလုပ်ရန် လိုကြောင်း၊ အသိတရားနှင့် သတိတရားကို လက်ကိုင်ထားပြီး လုပ်ဆောင်သွားကြရန်လိုကြောင်း၊ အပျော်အပါး အသောက်အစား ကင်းကင်းဖြင့် တန်ဖိုးရှိရှိနေထိုင်ရန်၊ အသုံးနှင့်အဖြုန်းကို ခွဲခြားနားလည်ပြီး ဝင်ငွေနှင့် ထွက်ငွေကို မျှမျှတတ သုံးစွဲစုဆောင်းတတ်သည့် အလေ့အကျင့်ကိုပါ မွေးမြူသွားကြရန် မှာကြားလိုကြောင်း။
တပ်မတော်ကို အရည်အချင်းပြည့်ဝပြီး အရည်အသွေးရှိသည့် ခေတ်မီတပ်မတော် (Standard Army)အဖြစ် တည်ဆောက်နေချိန်ဖြစ်၍ ဆောင်ရွက်ရမည့် လုပ်ငန်းရပ်အားလုံးကို ကြိုးကြိုးစားစား ဆောက်ရွက်သွားကြရန် လိုကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရာတွင် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်များ အမြဲထက်မြက်နေရန်လိုကြောင်း၊ စွမ်းရည်သုံးရပ်ပြည့်စုံမှသာ ပေးအပ်သည့် အမိန့်နှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်စွမ်း ရှိမည်ဖြစ်ကြောင်း၊ တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ရဲဘော်သုံးကျိပ်၏ ဦးဆောင်မှုဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုမှ ပေါက်ဖွားလာကြောင်း၊ နိုင်ငံတော်နှင့်ပြည်သူတို့အတွက် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးမှ လွတ်လပ်ရေးရသည်အထိ ပြည်သူ့ရှေ့က မားမားမတ်မတ်ရပ်တည်ပြီး လက်တွဲတိုက်ပွဲဝင်ခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးချိန်မှ ယနေ့ အချိန်ထိ အရေးကြုံတိုင်း ပြည်တွင်းပြည်ပ အန္တရာယ် အသွယ်သွယ်ကို တိုက်ဖျက်ချေမှုန်းရင်း နိုင်ငံတော်နှင့် ပြည်သူအတွက် ရပ်တည်ကာကွယ်ပေးခဲ့ကြောင်း၊ ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ခေတ်စနစ်ပြောင်းလဲတိုင်း မှာလည်း ဦးဆောင်ဦးရွက်ပြုခဲ့ရကြောင်း၊ တိုင်းရင်းသားမိဘပြည်သူများမှ ပေါက်ဖွားလာပြီး အစဉ်အလာ ကောင်းများနှင့် ရှင်သန်ရပ်တည်နေသော တပ်မတော်၏ သမိုင်းကြောင်းသည် နိုင်ငံတော်၏ သမိုင်းကြောင်းနှင့် အစဉ်အမြဲ ဒွန်တွဲလျက်ရှိကြောင်း၊ တိုင်းရင်းသာလူမျိုးပေါင်း ၁၀၀ ကျော်၊ တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခုတို့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြီး ဖြစ်သည့်အတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုသည့် ဒို့တာဝန်အရေးသုံးပါးသည် တပ်မတော်သားများ အမြဲတမ်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားရမည့် အမျိုးသားရေးတာဝန်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်ပြီး ခိုင်မာသည့် တပ်မတော်မရှိပါက နိုင်ငံတော် ယိမ်းယိုင်ချိနဲ့သွားနိုင်ကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်လျက်ရှိသည့် တပ်မတော်အနေဖြင့် တပ်တွင်းစည်းလုံးညီညွတ်ရေးကို ပိုမိုကျစ်လျစ်ခိုင်မာအောင် တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ တည်ဆောက်ရာတွင် တပ်တည် ဆောက်ရေးလုပ်ငန်းကြီး (၄) ရပ်ကို အားသွန်ခွန်စိုက် ကြိုးပမ်းကြရမည် ဖြစ်ကြောင်း။
ယနေ့ပြည်သူက ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းတွင် လျှောက်လှမ်းနေကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ဗဟိုဦးစီးအုပ်ချုပ်သည့် စနစ်မှ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို ပထမခြေလှမ်းသစ် ပြောင်းလဲ လျှောက်လှမ်းခဲ့ကြောင်း၊ ယခုအခါ ပါတီစုံဒီမိုကရေစီလမ်းကြောင်း၏ ဒုတိယခြေလှမ်း လျှောက်လှမ်းရန် လိုအပ်သည်များကို ဥပဒေနှင့်အညီ ဆောင်ရွက်နေကြောင်း၊ ယင်းလမ်းကြောင်းကို သွားရာတွင် စည်းကမ်း ပြည့်ဝရန် လွန်စွာအရေးကြီးပြီး ဒီမိုကရေစီ၏ အခြေခံအကျဆုံးအချက်သည် စည်းကမ်းလိုက်နာခြင်းနှင့် ဥပဒေကို တန်ဖိုးထားလေးစားခြင်းတို့ပင် ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်မှာ သူ့တန်ဖိုး၊ ကိုယ့်တန်ဖိုးကို ကျီး ဘုတ်ရိုသေ၊ ဘုတ်ကျီးရိုသေဆိုသကဲ့သို့ အပြန်အလှန်လေးစား၊ အပြန်အလှန် အထောက်အကူပြု ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် လွပ်လပ်ရေးရပြီးချိန်မှစ၍ ခေတ်အဆက်ဆက် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် အမျိုးသားရေးကိုရှေးရှုပြီး ငြိမ်းချမ်းရေးကို ကြိုးပမ်းအားထုတ် ခဲ့သည်ကို မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတွင် အထင်ကရတွေ့မြင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်ကို ချမှတ်ထားကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ်အရင်းခံဖြင့် ၂၀၁၁ ခုနှစ်၊ သြဂုတ်လတွင် ငြိမ်းချမ်းရေးဆောင်ရွက်နိုင်ရန် နိုင်ငံတော်က ဖိတ်ခေါ်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးနိုင်ရန် အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးမှုရလဒ်အဖြစ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ လက်မှတ်ရေးထိုးရန် ကျန်သည့်အဖွဲ့များ အတွက်လည်း အမြဲတမ်းတံခါးဖွင့် ပေးထားပြီး ကြိုဆိုလျက်ရှိကြောင်း။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးရုံဖြင့် မပြီးဘဲ ထာဝရ ငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အများအပြား ကျန်ရှိနေသေးကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် SSR ၊ DDR လုပ်ငန်းစဉ်များအတိုင်း လုံခြုံရေးအရ ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များ အောင်မြင်နိုင်ရန် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် အမျိုးသားရေးအသွင် အကောင်အထည်ဖော်ဆောင် ရွက်ရေးအတွက် ပါဝင်ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ငြိမ်းချမ်းရေး ကို အမှန်တကယ်ရယူလိုသည့် ဆန္ဒရှိရန် လိုအပ်ပြီး စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓါတ်ဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို အရင်းခံ လျှောက်လှမ်းဆောင်ရွက်မည်ဆိုပါက တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလား တောင့်တနေသော ထာဝရငြိမ်းချမ်းရေးသည် မလွဲမသွေရရှိမည် ပင်ဖြစ်ကြောင်း။
အမိစစ်တက္ကသိုလ်၏ ဂုဏ်ကိုဆောင်နိုင်သော လက်ရုံးရည် နှလုံးရည်ပြည့်ဝသည့် ခေါင်းဆောင်ကောင်းများ ဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန်၊ တပ်မတော်၏ အစဉ်အလာကောင်းများကို ထိန်းသိမ်းရင်း ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး ပြည်သူလူထုမှ အားကိုးယုံကြည်ထိုက်သည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာအောင် အစဉ်ကြိုးပမ်းဆောင်ရွက် သွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

# We were 53 #

အတိတ်ကို ပြန်လည်တူးဆွခြင်း မဟုတ်ပေမယ့်
မေ့လို့မရတဲ့ အတိတ်ဟောင်းတွေက လူတိုင်းမှာရှိသလို
ကျနော်တို့ အပတ်စဉ်မှာလည်း ရှိခဲ့ဘူးတယ်.....

ပျော်ရွှင်စရာအကောင်ဆုံးအချိန်မှာ ဝမ်းနည်းစရာ
တွေက ဝင်ရောက်နေရာယူ အစားထိုးခဲ့တဲ့နေ့ဆိုလည်း
မှားမည်မဟုတ်။ လွန်ခဲ့တဲ့(၅)နှစ်ခန့် ကဆိုပေမယ့်လည်း
ဒီဇင်ဘာလရောက်တိုင်း အဖြစ်အပျက်တွေကို မနေ့တနေ့
ကလိုပဲ ခံစားရင်း မျက်ရည်ဝဲနေရတုန်းပါပဲ။အဲဒီနေ့က
စစ်တက္ကသိုလ် အပတ်စဉ် (၅၃) ဗိုလ်လောင်းသင်တန်းရဲ့
ကျောင်းဆင်းပွဲ(၁၀.၁၂.၂၀၁၅)နေ့လေးပေါ့.......

အဲဒီနေ့က အမိစစ်တက္ကသိုလ် ဝန်းကျင်တခုလုံး ဆောင်းရာသီရဲ့ သင်္ကေတ မြူနှင်းတွေက ပြည့်ဝစွာ နေရာယူ
လွှမ်းမိုးထားသလို မြူနှင်းနှင့်အပြိုင် မိုးရေစက်တွေကလည်း
ဟို ဒီ တစ်ပေါက်စီ စည်းကမ်းမဲ့စွာကျရောက်နေခဲ့တယ်။
ချယ်ရီရိပ် ရှိ သားကောင်းစစ်သည်တို့ကလည်း ကျောင်းဆင်းပွဲအတွက် နံနက်စောစောမှာပင် တက်ကြွစွာပြင်ဆင်မှုတွေပြုလုပ်ပြီး အရံစစ်ရေးပြကွင်းကို သတ်မှတ်ချိန်အရောက် စနစ်တကျ
ချီတက်နေရာယူခဲ့ကြတာပေါ့........

အရံစစ်ရေးပြကွင်းအတွင်း နေရာယူပြီးသည်နှင့်မိုးရေစက်တွေက နေရာအနှံ့အပြားမှာ ခပ်စိပ်စိပ်နေရာ ယူလာခဲ့ကြတော့ ကျနော်အပါအဝင်တပါတ်စဉ်လုံးမှာ စိုးရိမ်စိတ်တွေ
ဝင်ရောက်လာခဲ့ကြတယ်။ပူပန်မှု့တွေနဲ့ မိုးမရွာဖို့ဆုတောင်းခဲ့ကြပေမယ့် ဆုတောင်းတိုင်းမပြည့်ဘူးဆိုတာကို မိုးရေစက်တွေက သည်းထန်းစွာ ရွာသွန်းရင်း သက်သေပြခဲ့ကြတယ်။
"စက်ရုပ်တွေ မျက်ရည်ကျခဲ့ရပြီ"..........

စစ်တက္ကသိုလ်ဗိုလ်လောင်းတိုင်းရဲ့အသက်ဟာ
ကျောင်းဆင်းပွဲ စစ်ရေးပြအခမ်းအနား ပါ။မည်သည့်ဗိုလ်လောင်းမျှ တစ်သက်မှာ ၂ခါမကြုံရတဲ့ အခမ်းအနားပါ။
ယခင်နှစ်တွေက နောင်တော်စီနီယာများကျောင်းဆင်းပွဲမှာ
မိမိတို့အပါတ်စဉ်က နောက်ရံတပ်ရင်းနေရာမှ ပါဝင်ခဲ့သော်လည်း မိမိအပါတ်စဉ်ကျောင်းဆင်းပွဲစစ်ရေးပြနှင့် ခံစားချက်ချင်း မည်သို့မျှ ထပ်တူမကျနိုင်ပါ။ရင်ခုန်သံချင်းလည်းမတူနိုင်သလို ပီတိဖြစ်ရခြင်းများကလည်း ကွာခြားတယ်ဆိုတာ အပတ်စဉ်တိုင်းသိပါတယ်.........

မိမိတို့အပါတ်စဉ်မှ စိမ်းကားရက်သောမိုးပါပေ။တနိုင်ငံလုံးမှာရှိကြတဲ့ နေရာဒေသအသီးသီးက လာရောက်ကြတဲ့
မိဘတွေနဲ့ အခြားနိုင်ငံပေါင်းများစွာက ကျောင်းဆင်းပွဲအခမ်းအနားကိုတက်ရောက်လာကြတဲ့ အရာရှိကြီးတွေရဲ့ရှေ့မှာ
မိမိတို့အပါတ်စဉ်ရဲ့ အစွမ်းအစ၊စစ်ရေးပြ အရည်အချင်းတွေ
ကို ပြသခွင့်မရခဲ့ရှာပေ။ မိမိတို့(၃)နှစ်တာကာလပတ်လုံး
ဤစစ်ကျောင်းကြီးတွင် အပင်ပန်းခံ၊အဆင်းရဲခံ၍ စစ်ပညာ
နှင့်စာပေပညာများကို လေ့လာသင်ကြားခဲ့ရသည်များကို
အားလုံးရဲ့ရှေ့မှောက်မှာ ဂုဏ်ယူစွာနဲ့ကျောင်းဆင်းပွဲစစ်ရေးပြအခမ်းအနားကြီးကို လျှောက်လှမ်းချင်တာပေါ့၊
လေးစားအားကျတဲ့ အကြည့်ပေါင်းများစွာရဲ့ရှေ့မှာ အနှေး
လျှောက် ၊ အမြန်လျှောက်စတာတွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အလေးပြုချင်တာပေါ့၊ နောက်ရံတပ်ရင်းကညီငယ်တွေရဲ့ကျောင်းဆင်းတပ်ရင်းအားအလေးပြုဆိုတဲ့
အသံကိုလည်းကြားချင်တာပေါ့၊ဒါတွေက ကျနော်တို့အပါတ်စဉ်ရဲ့ အောင်မြင်မှု့ အသီးအပွင့်တွေဖြစ်သလို ပညာရည်နို့ပြည့်ဝခြင်းရဲ့ အသိအမှတ်ပြုမှုတွေလည်းဖြစ်တယ်လေ......

သို့ပေမယ့် ကျနော်တို့ အပါတ်စဉ်ရဲ့ အောင်မြင်မှု့အသီးအပွင့်တွေကို ဒီဇင်ဘာရဲ့ထစ်ချုန်းမိုးကရိုက်ချိုးဖျက်စီးခဲ့တယ်။
ကျနော်တို့ရဲ့ မျက်ရည်တွေကလည်း ချယ်ရီမြေမှာ ထစ်ချုန်းမိုးနဲ့အတူကျန်ခဲ့ပြီ။အပင်ပန်း အဆင်းရဲခံပြီးကျောင်းဆင်းပွဲကြီးအတွက်ပြင်ဆင်ခဲ့ရတာတွေလည်း ချယ်ရီမြေရဲ့ရေစီးနဲ့အတူမျောလွင့်ခဲ့ပြီ။ ခေါက်ရိုးကျိုးနေတဲ့ ကျောင်းဆင်းပွဲဝတ်စုံလည်း မိုးစိုလို့ တွန်ကြေခဲ့ပြီ။ကျနော်တို့အပါတ်စဉ်ရဲ့
အိမ်မက်တွေကိုလည်း မိုးရေထဲမှာ အကောင်အထည်ဖော်ခွင့်
မရခဲ့လိုက်ကြဘူး..............

"သတိရမိပါတယ် ဒါပေမယ့် မတမ်းတမိတော့ဘူး
ချယ်ရီမြေရဲ့ ဒီဇင်ဘာမိုးကို.........
အော်....
ဘာလိုလိုနဲ့ (၅)နှစ်ပြည့်ဖို့
(၅) ရက်ပဲလိုတော့တာပါလား
အမိစစ်တက္ကသိုလ်နဲ့ ခွဲခွါခဲ့ရတာ........
လွမ်းနေအုံးမှာပါ အမိစစ်တက္ကသိုလ်"

စစ်တက္ကသိုလ်ကျောင်းဆင်းအားလုံးနှင့်
တပ်မတော်သားအားလုံးကိုလေးစားလျက်
တစ်ခါကအမေ့သား"၅၃" 

December 21, 2014

စစ်တက္ကသိုလ်ထမင်းဝိုင်းမှသည်.......

ဒီပုံလေး မြင်တော့ ဗိုလ်လောင်းဘ၀ က ထမင်းဝိုင်းလေးကိုသွားသတိရတယ် ။
ထမင်းဝိုင်းမှာ နောက်ဆုံး နှစ်စီနီယာ ၂ ယောက် က စားပွဲရဲ့ထိပ်စည်းမှာ ထိုင်ပါတယ် ။
နောက်ဆုံး နှစ် တွေ ဘေး ကတော့ ဒုတိယနှစ်တွေ ပါ ။
ပြီးကျမှ ပထမ နှစ် ဂျူ နီယာ ဗိုလ်လောင်းတွေ ထိုင်ရတယ် ။

ထမင်းစားတဲ့ ပုံစံခွက် မှာ ဟင်းတွေက စားရိပ်သာ က ဝိတ်တာတွေက ခပ်ပေးထားပါတယ် ။
ဒါပေမဲ့ အလယ်မှာ ထား တဲ့ ထမင်းအုပ် ခပ်တာ ၊ သောက်ရေ ခွက်ခပ်တာကို ဂျူ နီယာ ဗိုလ်လောင်းတွေက လုပ်ပေးရတယ် ။

စာသင်ခန်း က ပြန်တာနောက်ကျလို့ ပဲဖြစ်ဖြစ် ၊ တခြား ကိစ္စ ကြောင့်ပဲဖြစ်ဖြစ် ထမင်းဝိုင်း ကို နောက်ကျရောက်ရင် နှစ်ကြီး စီနီယာတွေ ဆီမှာ ထမင်းဝိုင်းထဲ ထိုင်ခွင့်သွားတောင်းရတယ်။
လရဲ့ ပထမ ၂ ပါတ် အင်္ဂလိပ်လိုပြောရမဲ့ ချိန်ဆိုရင် .... Request Permission to sit sir. ပေါ့ ။
(မှတ်မှတ် ရရ ... ထင်းမင်းဝိုင်းတူ သူငယ်ချင်း က ပြောချင်ဇောလောကြီးပြီး Request Permission to sister ဆိုလို့ ... ဟာ first year ငါ့ညီမ လာတောင်းတယ် ..စမ်း နေပြီ ...ဆိုပြီး အအုပ်ခံရသေးတယ်... ) ...လရဲ့ နောက်ဆုံး နှစ်ပတ်ဆိုရင်တော့ " ထိုင်ခွင့် ပြု ပါ " ဆိုပြီး သွားတောင်းရတယ် ။ အဲဒီ ချိန် စီနီယာ ဗိုလ်လောင်းကလည်း ခွင့်တောင်းမှု ကိုလေးစားသောအားဖြင့် ...ထမင်းစားရပ်ထားရတယ် ။ ပြီးမှ ထိုင် ပါ ဆိုမှ ကိုယ် ထိုင်တဲ့ ခုံ ကို သွားထိုင်ရတယ် ။

ကုလားထိုင် ကို ထိုင်ရင် ထမင်းစားပွဲ နဲ့ ရင်ဘက်နဲ့ ကပ်ထိုင်ရတယ် ။ ကိုယ်တွေက တော က တက်လာတာဆိုတော့ ဇွန်းခက်ရင်းနဲ့ စားကျင့် မရှိပါဘူး ။ ထမင်းဝိုင်းမှာ စီနီယာတွေကပဲ ဇွန်းကို ကလောင်ကိုင် ၊ ခက်ရင်းကို ဓားကိုင် ကိုင်ရတယ်ဆိုပြီးသင်ပေးတယ် ။ ထမင်းစားနေရင်း စီနီယာ က စကားပြောတာပဲဖြစ်ဖြစ် ...ထမင်းထပ်ထည့်ဖို့ ပဲဖြစ်ဖြစ် .... ဇွန်းခက်ရင်းကိုချရင် ... ဇွန်း နဲ့ ခက်ရင်းရဲ့ အမြီးကို ကားပြီးချထားရတယ် ။ ခု ပုံထဲ က ကာချုပ် ချထားတဲ့ ပုံစံမျိုးပေါ့ ။
တကယ်လို့ ကိုယ် က စားလို့ အားလုံးပြီးသွားပြီ ... စီနီယာတွေ ကမပြီးသေးဘူးဆိုရင်တော့ ဇွန်းနဲ့ ခက်ရင်းကို ယှဉ်လျှက် ပူးချ ထားပြီး ...ပါးစပ်တွေ သုတ် ပြီး စီနီယာဆီ မှာ ထမင်းဝိုင်းထဲ က ထွက်ခွင့် သွားတောင်းရတယ် ။ ပြီးမှ ကိုယ့် ဇွန်းခက်ရင်းကို ဆေး တဲ့ နေရာယူပေါ့ ။

ဂျူ နီ ယာ ဗိုလ်လောင်းဘ၀ က အမြဲ ခုန်ပေါက် ၊ ပြေးလွှား နေရတော့ အာဟာရ ပိုလိုလေ့ရှိတယ်။
တကယ်လို့ အာဟာရမပြည့်ရင် ၊ ကယ်လ်စီယမ် ဓာတ်လိုတာတို့ ဖြစ်လာရင် ကြွက်သားအလှုပ်ရှားများတော့ ကျီးပေါင်းတက်တာ ခဏခဏ ဖြစ်ကြတယ် ။ ဒီဘ၀ က ဖြတ်သန်းလာ ခဲ့ တဲ့ ထမင်း ဝိုင်း စီနီယာတွေ က အနည်းဆုံး ထမင်းကို ၃ ပန်းကန်စားခိုင်းတယ် ။ ကျွေးသမျှ အသား အကုန်စားရတယ် ။ အမဲသား မစားလို့ ၊ ဝက်သားမစားလို့ ရှောင်ထားတယ်ဆိုလည်း မရဘူး ။ နွားနို့ ဆိုလည်း မသောက်ချင်လည်း သောက်ရတယ် ။ သူတို့ စကေးလ် ရတဲ့ နွားနို့တို့ ၊ ကြက်ဥ တို့ ဆို ကိုယ်က စားရတာ များတယ် ။ ဒါပေမဲ့ အဲဒီတုန်းကတော့ မစားချင်လည်း စား ၊ စားချင်လည်းစား ဆိုတော့ စိတ်ထဲ မှာ ကျဉ်းကြပ်တာတော့ အမှန်ပဲ ။ ကိုယ် က စီနီယာ ဖြစ်လာတဲ့ခါ ကျတော့ ကိုယ့် နဲ့ ထမင်းတူတူ စားတဲ့ ဂျူ နီယာတွေကို သဘောပေါက်အောင်ပြောပြရတယ် ။ ဘာကြောင့် စားသင့်တယ် ၊ ဘာကြောင့် စားရမယ်ဆိုတာ ကို ပြောပြရတယ် ။ တခါတခါ ကျတော့ စေတနာ ဆိုပေမဲ့ သဘောပေါက်နားလည်မှု မရှိရင် တစ်ဖက်မှာ အနေရခက်တယ်ဆိုတာ ကိုယ့်တွေ့ ကြုံခဲ့ ဖူးတော့ နားလည်တယ် ။

ကျောင်းတော်ကြီး က သင်ပေးလိုက်တဲ့ စီနီယာ ဂျူ နီယာ သံယောဇဉ်စည်းနှောင်မှု ဟာ ကိုယ်တိုင် ကြုံဖူးသူတစ်ယောက်မဟုတ်ရင်နားလည်ဖို့ ခက်ခဲ ပါလိမ့်မယ် ။ အမိန့် ပေး စနစ် အောက်မှာ နေကြသည့်တိုင် ... ညီ အစ်ကိုချင်းတွေ ကြားမှာ ထားတဲ့ Mutual Respect , Mutual Relation တွေ က ပြန်ပြော ပြဖို့ တော်တော်ခက်ပါတယ် ။

အခု လုပ်တဲ့ ကန်တော့ ပွဲ က ၁၄၊၁၅၊၁၆၊၁၇၊၁၈၊၁၉ ဆိုတော့ ကာချုပ်ဟာ ဂျူနီယာအကျဆုံးပါ ။
ရာထူးအရ လက်ရှိအကြီးဆုံးဖြစ်ပေမဲ့ သူ့စီနီယာတွေ ထမင်းစားရင်းစကားပြောနေတဲ့ ချိန် သူဘယ်လို စိတ်ထား မျိုး နဲ့ နားထောင် နေတယ်ဆိုတာ ... စစ်တက္ကသိုလ် တက်ခဲ့ ဖူးတဲ့ သူတွေ တော့ ကောင်းကောင်းနားလည်ကြပါတယ် ။


ရုပ် ဆိုး

December 18, 2014

ထို့ကြောင့် ကျနော်တို့ သိပ်ချစ်ကြလေသည်




သိမ်ငယ်နေတဲ့ မျက်ဝန်းတစ်ချို့ကို ကွယ်ဝှက်ရင်း....မရှက်တမ်း
လှမ်းနေတဲ့ ခြေလှမ်းတွေကို စားရိပ်သာဆီသို့.......
ဦးတည်လိုက်မိတယ်.....။ အမေ့ဆေးဖိုးနဲ့ အဖေ့လစာနဲ့
မလောက်တဲ့ အချိန် တစ်လရတဲ့ ဗိုလ်လောင်းလစာ
၂ သောင်းခွဲဆိုတော့ ....တကယ်တော့ မလုံလောက်ခဲ့ဘူးလေ။

ရာသီဥတုရဲ့ ကြမ်းတမ်းမှု...တွေ့ကြုံရတဲ့ မိုးတွင်းကာလတိုင်း
တလက်လက် မထနိုင်တော့တဲ့
စစ်ဖိနပ်ရှည်က တဖက်စောင်းနေပြီ..... တစ်ရံကို
၁ သောင်းကျော် ရှိတဲ့ အချိန် .....အသစ်မဝယ်နိုင်တိုင်း
အဟောင်း တစ်ဖက်ကို ပိုးပိုးစီးတက်လာခဲ့တာက လွဲရင်
အသစ်ဆိုတဲ့ စကားလုံးကို
မျက်ကွယ်ပြုထားခဲ့တာ ကြာပြီ မဟုတ်လား.........။

Lance Corporal (LC) လေးကို ကပ်ထားတဲ့
လက်မောင်း တစ်ဖက်မှာ တပ်ခွဲအုပ်ချူ ပ်မှု ကိစ္စတွေ
နဲ့ လုံးချာ လိုက်နေပြည်တော့....သူများေတွ အိပ်ချိန်ရောက်မှ
စာဖတ် ၊ စာကျက်ရတာလဲ အခါခါ ။ အိပ်ချင်စိတ်တွေ
ကြီးစိုးနေတဲ့.......
ကော်ဖီမစ်တွေ အစား ပေါင်တံမှာ ဘောပင်လ် စူးရာတွေပဲ
အဖတ်တင်လာခဲ့တယ်....။

လတစ်လရဲ့သောကြာနေ့ကို ရောက်တိုင်း အမြဲတွေးပူရတဲ့
အရာတစ်ခုက ၁၀၀ တန် လေးရွက်....
ကျန်ပါ့မလားဆိုတာကိုပေါ့.... တပါတ် ၁ ခါ
ညှပ်ရတဲ့ ခေါင်းပေါ်က ဆံပင်ကို ကြည့်ပြီး တစ်ခါတစ်လေ
၁၀၀ တောင်ရှာမရတဲ့ ဒုက္ခကလဲ အကြိမ်ကြိမ်..ကြုံရမြဲ။

သက်လုံ ၅ မိုင်ပြေးပြီး ပြန်လာတာနဲ့
ပထမဆုံးလုပ်ရမှာက ရေချိူ းပြီး ဖိုင်နယ် ရီးယား ဂါဒီယမ်*
ကိုစောင့်ရမယ်....။ အကိုအရင်း မတော်တဲ့ အကို
တစ်ယောက်ရဲ့ဂရုစိုက်မှုဆိုတာ စစ်တက္ကသိုလ်ရောက်မှ
ကိုယ်တိုင် တွေ့ကြုံရတဲ့ အရာတွေပေါ့.....။

စစ်တက္ကသိုလ် စရောက်တော့
ညတိုင်း ခြင်ထောင် လာချပေးပြီး ဘေးမှာ
အိမ်အကြောင်းတွေ မေးတတ်တဲ့ အကို ၊သူ့အခန်းကို
သူသန့်ရှင်းရေး လုပ်တဲ့ အချိန် ဖိနပ်ကလေး အမြင်မတော်လို့
လက်နဲ့ဖယ်ပေးမိလိုက်တာ ဖိနပ်ကိုင်ရမလားဆိုပြီး ဆွဲထိုးတဲ့
အကို........။

အဲဒီလို ညီအရင်းတစ်ယောက်လို ချစ်တတ်တဲ့ ဂါဒီယမ် အကို့ကို
ကျနော် သိပ်ချစ်တယ်.......။

စစ်တက္ကသိုလ် စာမေးပွဲ အတွင်းမှာ
စာကျက်တာ အိပ်ချင်နေမှာစိုးလို့
ဇီးထုတ် ကလေးနဲ့ ၊ခေါက်ဆွဲပြုတ်ထားတဲ့ ရေပုံး ခပ်ကြီးကြီးနဲ့၊
အငွေ့တထောင်းထောင်းထနေတဲ့ ကော်ဖီမစ်လေးနဲ့
ဂရုတစိုက်မပျက်ကွက်ပဲ ဂရုစိုက်တတ်တဲ့ သူပေါ့ ၊

အာ့နေ့က သောကြာ သက်လုံပြေးပြီး ပြန်လာတဲ့ အချိန်။
၈ နာရီမှာ စမယ့် အစည်းအဝေးမှာ ပထမနှစ် ဗိုလ်လောင်းတိုင်း
ဆံပင်ညှပ်အပြီးပေါ့ အိတ်ကပ်ထဲ ထည့်စမ်းလို့ လက်ဗလာ
အတိုင်းပြန်ပါလာတဲ့အခါ ဖိုင်နယ်ရီးယား ဂါဒီယမ်ဆီ
ကျနော်ပြေးပြီ၊

၂ မိနစ်လောက်ပဲ ကြာတဲ့ ဆံပင်ညှပ်ဆိုင်ထဲက
ကျနာ်ထွက်လာတော့ တကိုယ်လုံး ပေါ့ပါးနေပြီ။မဖြစ်
မနေလုပ်ရမယ့် အလုပ်တစ်ခု ပြီးမြောက်သွားတဲ့
အချိန် ဖြစ်ပေါ်လာတတ်တဲ့ ခံစားချက်မျိူ းပေါ့၊

စနေနေ့ဗျူ ဟာစသင်တော့ ကျနော့် ဂါဒီယမ်
အရိုက်ခံရတယ်ဆိုတဲ့ သတင်းကို ကျနော်သဲ့သဲ့ကြားမိလိုက်တယ်

နောက်တစ်ရက်ကျော် တနင်္ဂနွေ နေ့ရောက်လို့ out pass*ရတဲ့
အချိန်။ အဲ့နေ့က ကျနော့်အမေ ကျနော့်ကို ဧည့်တွေ့
လာတွေ့သည့်နေ့။တပ်ပြင်ထွက်ခွင့်
ပေးတဲ့ ဝတ်စုံတန်ဆာထဲက ခါးမှာ ပတ်တဲ့ ရွှေနှင်းဆီ *
ခါးပတ်က ကျိူ းသွားတော့ ပြောင်လက်နေအောင် ပြင်ဆင်ထား
တဲ့ သူ့ခါးပတ်ကို ကျနော့်ကို ပေးပတ်တယ်။အဲ့နေ့က
ရှားရှားပါးပါး ချစ်သူများနေ့။ ပြစ်ဒဏ်ကျ ဗိုလ်လောင်းကလွဲရင်
အကုန်ထွက်ကျမည်မို့ မည်သူ့ဆီကမှ ငှားမရ
ပြီးတော့ (c) ဆောင်က ဧည့်တွေ့ဆောင်မှာ စောင့်နေမယ့်
အစ်မတစ်ယောက်ကို ကျနော်နဲ့လူကြုံပါးပေးလိုက်တဲ့
စာလေးတစ်စောင်.......

ကိုယ့်ရှေ့မှာ မပြုံးပျော်နိုင်တဲ့ အစ်မတစ်ယောက်ရဲ့မျက်နှာကို
အကဲခတ်ရင်း အကိုပေးလိုက်တဲ့ စာက
ဘာများဖြစ်နေမလဲ မအားလို့ပါလို့ပြောလိုက်ပါဆိုတဲ့ အကို့
အမှာစကား ကို ကျနော်ပါးတော့ ဖြတ်ခနဲ ပျက်သွားတဲ့ အဲ့အစ်မ
မျက်နှာ။

ကျနော်တို့သွေးမတော် သားမစပ်ပေမယ့် ဘာလို့များ
ဂါဒီယမ်တွေကို ညီအကိုရင်းလို ချစ်သလဲဆိုရင်
.............
.......
...
...
...
...
...
...
...

ဂါဒီယမ်=အထက်အောက် အုပ်ချူ ပ်မှု
လွယ်ကူစေရန် ဖွဲ့စည်းထားသော Systemတစ်ခု။
Out pass =တပ်ပြင်ထွက်ခွင့်။
Lance coporal =ဒုတိယနှစ် တွင်တပ်ဆင်ရသော
တာဝန်ကျ ဗိုလ်လောင်း အဆောင်အယောင်။

စာကြွင်း။

စနေနေ့အရိုက်ခံရသော အကို ဂါဒီယမ်၏ ပြစ်မှုမှာ
ဆံပင်မညှပ်သော ကြောင်ြ့ဖစ်ပါသည်။
အကြောင်းမှာ သူညှပ်မည့် ပိုက်ဆံအား
ကျနော့်အား ပေးညှပ်စေသောကြောင့် ဖြစ်ပါသည်။

တနင်္ဂနွေနေ့ သူ့ကောင်မလေးဆီ ထွက်မတွေ့ရသည်မှာ
ကိုယ့် ချစ်သူထက်.......
ဂါဒီယမ် ညီငယ် ကျနော့်ရဲ့မိဘနဲ့တွေ့မည်ကို
ဦးစားပေးလိုက်သောကြောင့် ဖြစ်ပါသည်။

ပုံရိပ်စစ်

August 24, 2014

*မသန်းစွမ်းရွာ*ရှိ အင်္ဂါမသန်စွမ်းသူများနှင့် ခြေထောက်ဖြတ်ထားရသော ဝန်ထမ်း ၁၀၁ ယောက်အား လှူဒါန်း



အမှတ်စဉ်(၅၃)မှအရာရှိများသည
*မသန်းစွမ်းရွာ*ရှိ အင်္ဂါမသန်စွမ်းသူများနှင့် ခြေထောက်ဖြတ်ထားရသော
ဝန်ထမ်း ၁၀၁ ယောက်အတွက်
T-Shirt ၉၁ ထည်၊

သစ္စာပါရမီ ပရဟိတ ညီအစ်ကိုများအဖွဲ့မှ
T-Shirt ၁၀ ထည်၊
ပုဆိုး ၁၀ထည်၊

အထွေအထွေ လိုအပ်ချက်များသုံးစွဲရန်အတွက် ၅၀၀၀၀ ငါးသောင်းကျပ် နှင့်
ညီမလေး ဖန်ဆင်းသူမှ ပုဆိုး ၉၁ထည်နှင့်
၅၀၀၀၀ ငါးသောင်းကျပ်၊

စုစုပေါင်း အဝတ်ထည်အတွက် ၄၅၄၈၀၀ လေးသိန်းငါးသောင်းလေးထောင့်ရှစ်ရာကျပ်
ငွေပဒေသာပင် အတွက် ၁၀၀၀၀၀ တစ်သိန်းကျပ် လှူဒါန်းခဲ့ပါတယ်။

မသန်းစွမ်းရွာရှိ ဝန်ထမ်းများအတွက်
အားလုံးပေါင်း ၅၅၄၈၀၀ ငါးသိန်းငါးသောင်းလေးထောင်ရှစ်ရာကျပ် လှူဒါန်းခဲ့ပါတယ်ခင်ဗျာ။

ပြုမိသမျှ ကုသိုလ်များအား ပြန်လည်မျှဝေပါတယ်။



Moon Ko Ko 

July 27, 2014

ကျဆုံးသွားသော စစ်သည်မာျးအား ရည်စူး၍ လှူဒါန်း


အမှတ်စဉ်( ၅၃ ) အရာရှိများမှ ( 25.2.2013 ) ရက်နေ့တွင်
ဒုတိယ အကြိမ်အဖြစ် ကျဆုံးသွားသော စစ်သည်များအတွက် ရည်စူး၍
ပြည် တစ်ဘက်ကမ်း ပန်းတောင်းမြို့နယ်
ကျီးပင်ကန်ရွာ မူလွန်ဘက စာသင်ကျောင်းအတွက်
အလှူငွေ (၄၂၀၀၀၀)လေးသိန်းနှစ်သောင်း ကျပ်ကို
လှူဒါန်းခြင်း ။
ကုသိုလ်ကောင်းမှုများအား အမျှပေးဝေပါတယ် ခင်ဗျာ


July 11, 2014

မသန်စွမ်းရွာရှိ အင်္ဂါမသန်စွမ်းသူများအား လှူဒါန်း


အမှတ်စဉ်(၅၃)မှ အရာရှိများသည် ဇွန်လကုန်တွင်ကောတ်ခံရရှိသောအလှူ ငွေအား
*မသန်းစွမ်းရွာ*ရှိ အင်္ဂါမသန်စွမ်းသူများနှင့် ခြေထောက်ဖြတ်ထားရသော
ဝန်ထမ်း ၁၀၁ ယောက်အား တစ်ဦးလျှင် ၂၅၀၀ကျပ်နူန်းဖြင့်
အလှူ ငွေ ၂၅၂၅၀၀(နှစ်သိန်းငါးသောင်းနှစ်ထောင့်ငါးရာကျပ်)အားလှူ ဒါန်းခဲ့ပါတယ်ခင်ဗျာ။

ဒီရွာလေးဟာ မန္တလေး- ပြင်ဦးလွင်လမ်း ကျောက်ချောရွာအနီး ၇မိုင် ချောင်းသာသွားတဲ့ 
လမ်းပေါ်မှာတည်ရှိပြီး အလုပ်အကိုင်အခတ်ခဲရှိပီး၊စားဝတ်နေရေး အလွန်ခတ်ခဲလှပါတယ်ခင်ဗျာ။

ကျွန်တော်တို့အနေဖြင့် နောက်တစ်ကြိမ်ထပ်မံ လှူ ဒါန်းရန်စီစဉ်ထားပါတယ်ခင်ဗျာ။
(ဓမ္မမိတ်ဆွေ သူတော်ကောင်းများ လှူ ဒါန်းလိုပါက
ကျွန်တော် Moon Ko Ko ထံတွင်ဖြစ်စေ၊ ဦးတင်ထွန်းထံဖြစ်စေ ဖုန်း ၀၉၂၅၉၀၆၅၄၀၈၊ ၀၉၆၅၀၅၄၄၆
ဆက်သွယ်လှူ ဒါန်း နိူင်ပါတယ်ခင်ဗျာ။)
သာဓု သာဓု သာဓုပါ...


April 27, 2014

သူငယ်ချင်းတို့ရေ.... ပဲခူးတိုင်းအတွင်းရှိ ရွားလေးတရွာမှာ သိမ်ကျောင်းဆောင်သစ် လှူဒါန်းပါ့မယ်....


ကျွန်တော်တို့ စစ်တက္ကသိုလ်အမှတ်စဉ် (၅၃)မှညီအကိုများ စုပေါင်း၍ ပဲခူးတိုင်းအတွင်း မှ ရွာလေးတစ်ရွာတွင် သိမ်ကျောင်းဆောင်သစ် တစ်ခုအားဆောက်လုပ် လှူဒါန်းသွား ရန်တိုင်ပင်ထားပါသည်။ ကျဆုံးသွားသော သူငယ်ချင်းများနှင့်စစ်သည်များအား ရည်စူး၍ ကျောင်းဆင်း (၄)နှစ်ပြည့်အမှီ ဆောက်လုပ်လှူဒါန်းနိင်ရန်အတွက် သူငယ်ချင်းတွေဒီနေ့ ဒုတိယအကြိမ်အစည်းဝေးပြုလုပ်ခဲ့ပါသည်။ 
==================================================
အသေးစိတ်သိရှိလိုသည်များကိုမေးမြန်းနိုင်ပါသည်။လိုအပ်သည်များကိုအကြံဉာဏ်ပေးနိုင်ပါသည်။ ဆောင်ရွက်နေပုံများကိုအင်တိတ် ဂရုတွင်သွားရောက်ကြည့်ရှုနိုင်ပါသည်။
==================================================
(၅၃)ကျောင်းဆင်းတစ်ဦး....



Aung Naing

February 13, 2014

ရွှေဘိုမြို့နယ်၊ ဝါးရုံကန် ကျေးရွှာ ၊ စစ်ကိုင်းတိုင်း ဒေသကြီး တွင်သာသန ဝေပုလ္လ ကျောင်းတိုက် ဆောက်လုပ်ရန် အတွက် ဒေါ်လာ(၂၀၀) လှူဒါန်း



အမှတ်စဉ် ( ၅၃) အရာရှိများမှ ( ၂၀၁၄ ) ခုနှစ် ဖေဖော်ဝါရီ လတွင်ရွှေဘိုမြို့နယ်၊ ဝါးရုံကန် ကျေးရွှာ ၊ ၊ စစ်ကိုင်းတိုင်း ဒေသကြီး တွင်သာသန ဝေပုလ္လ ကျောင်းတိုက် ဆောက်လုပ်ရန် အတွက်
အလှူငွေ ဒါ်လာ ( ၂၀၀ ) လှူဒါန်းခဲ့ ပါတယ်ခင်ဗျာ......

ဘယ်နေရာကိုလှူတယ်၊ ဘာအတွက်လှူတယ်ဆိုပြီးဖော်ပြရခြင်းမှာ ကြွားဝါလိုခြင်း မဟုတ်ပါ ။
မိမိတို့ ပြုခဲ့ဖူးသော ကုသိုလ်ကောင်းမှုများကိုမိတ်ဆွေ သူငယ်ချင်းများ အားလုံး မုဒိတာ ပွားခြင်းအားဖြင့်
ကုသိုလ်ရရှိစေရန် ဖြစ်ပါသည် ခင်ဗျာ..

From:Ko Gyi Phyo
Admin